*ရက်မြတ်ချိန်ကူး ၊ တာတခူးသည့်
မြန်မာ့ဘာဝ ၊ နှစ်စလမို့ 
လူနတ်အပေါင်း ၊ သူတောင်ကောင်းနှင့်
နတ်တိုအရှင် ၊ သိကြားမင်းပင်
ပျော်မြူးဆင်နွှဲ ၊ သင်္ကြန်ပွဲက
စည်ကားလှသည် ၊ တို့ မြန်ပြည်....။
*လူနတ်စံရာ ၊ တာသင်္ကြန်မှာ
မဏ္ဍပ်သဘင် ၊ ပျော်ပွဲဆင်ပြီး
တစ်နှစ်ညစ်ကြေး ၊ ရေလောင်းဆေးကာ
သက်ကြီးပူဇော် ၊ နိဗာန်မျှော်လျှက်
ဒါနအလှူ ၊ ကုသိုလ်ယူ၍
သာယာလှသည် ၊ တို့ မြန်ပြည်....။
*သြော်........
ချိန်ခါကြာညောင်း ၊ နေ့ရက်တွေပြောင်း
ရွက်ဟောင်းတို့ကြွေ ၊ ရွက်သစ်ဝေဆာ
ပုရစ်ရွက်ဖူး ၊ ဝတ်ရည်လူး၍
မြောက်ပြန်လေရူး ၊ နွေဦးလေနှင့်
တာတခူးကို ၊ ရောက်တော့မည်....။
*ဒီချိန်ခါရောက် ၊ ပန်းပိတောက်တို့ 
ဖူးပွင့်ဝေဆာ ၊ ပြည်မြန်မာသည်
ရွှေဝါအဆင်း ၊ ရနံ့သင်းပျံ့ 
လင်းရောင်ထိန်ဝါ ၊ ထွန်းလပမာ
ထည်ဝါလှသည် ၊ တို့ မြန်ပြည်....။
*သို့ပေမယ့်လည်း...........
အဝေးမြေသွား ၊ အကျွန်ုပ်ကား
မြန်ပြည်မှာမွေး ၊ ပြည်ချစ်သွေးမို့ 
ရက်မြတ်ချိန်ထူး ၊ တာတခူးမှာ
အများနည်းတူ ၊ ပျော်မြူးချင်လည်း
ရှောင်ဖယ်ကာဝေး ၊ချိန်မပေး၍
တမ်းတမိသည် ၊ ပြည်တော်ဆီ.....။
*ရင်ဝယ်တစ်ခု ၊ တောင်းဆုပြုခဲ့
နောက်နောင်အကြောင်း ၊ ခွင့်လမ်းကောင်းလျှင်
ပန်းရောင်စုံဖူး ၊ တာတခူးမှာ
များလူသူတော် ၊ ပေါင်းဖော်စုံနှင့်
ကြည်နူးပျော်ရွှင် ၊ လက်တွဲငင်၍
ပျော်ပါရစေ ၊ ပျော်ရစေ...။
အလွမ်းနေ့တွေ ၊ လွန်ပါစေ..။
အဝေးကလွမ်းမည့် ၊ သင်္ကြန်ရေ..........။
>---♥--->တိတ်တခိုးကောင်လေး<---♥---<
No comments :
Post a Comment