ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ရည်မှန်းချက်


ရည်မှန်းချက်ကြီးကြီးနဲ့ ဇာတိကိုအပြီးပိုင်စွန့်လို့ နိုင်ငံရပ်ခြားထွက်ခွါသွားတော့မယ့်

မင်းအတွက် လက်ဆောင်လေးတစ်ခု ပေးလိုက်ပါရစေ၊ မင်းရင်ထဲ ထည့်သွားပေးပါ ၊တစ်ခါတုန်းကပေါ့ လူတစ်ယောက်ဟာ ချောင်း ငယ်ကျဉ်းကျဉ်းလေးတစ်ခုထဲကနေ လှေကလေးတစ်စင်းနဲ့

ခရီးထွက်ခဲ့တယ်၊ ဒီလူဟာ လှော်ရင်းခတ်ရင်းငေးမော ရင်းနဲ့ ချောင်းကြီးတစ်ခုထဲ တဖြည်းဖြည်း ရောက်လာတယ်၊

ချောင်းကြီးလာတော့ ရေပြင်ကလဲကျယ်လာတယ် ရှုခင်းမြင်ကွင်းတွေကလဲ ပိုလှလာတယ် ၊

ဒီလူဟာ ဒါတွေကိုကြည့်ပြီး သိပ်ပျော်သွားတာပဲတဲ့ ၊ မြင်ရတဲ့ ရှုခင်းသစ်မြင်ကွင်းသစ်တွေကို

တမေ့တမော ငေးလို့ ပျော်လို့ လှော်ခတ်လာလိုက်တာ တစ်ဖြည်းဖြည်းနဲ့ မြစ်တစ်ခုထဲ ရောက်လာပြန်တယ် ၊

လှေငယ်ရှင်လူကလဲ ပိုပြီးကျေနပ် ပိုပြီးပျော်လာမိပြန်တယ်၊ သူရှေ့တိုးလေလေ လှသထက်လှပတဲ့ ရှုခင်းမြင်ကွင်းတွေကို မြင်ရလေလေမို့ နောက်လှည့်ဖို့ နည်းနည်းမှ စိတ်ကူးမရှိတော့ဘူး၊

ဒီလိုနဲ့ ဆက်သွားလိုက်တာ မြစ်ငယ်ကနေ မြစ်ကြီး ၊ မြစ်ကြီးကနေ ပင်လယ်ထဲရောက်လာတော့တယ် ၊

ဒီအထိ လှေငယ်ရှင်ဟာကျေနပ်နေတုန်းပဲတဲ့ ၊ နောက်တော့ ပင်လယ်က တစ်ဖြည်းဖြည်း ကျယ်မှန်းမသိကျယ်လာပြီး

သမုဒ္ဒရာကြီးထဲရောက်လာတယ်၊ သမုဒ္ဒရာကြီးထဲရောက်လို့မှ မကြာပါဘူး ၊ သမုဒ္ဒရာကြီးရဲ့ထုံးစံအတိုင်း

လှိုင်းတွေ တံပိုးတွေ ဝဲတွေ ဂဟက်တွေကြီးလာတဲ့အခါမှာ သူ့လှေငယ်ကလေးဟာ

ဘယ်လိုမှထိန်းမရတော့ပဲ ရေအလယ်မှာ စုံးစုံးနစ်ရော့ တဲ့ ၊ ဒီတော့မှ လှေငယ်ရှင်ဟာ အရမ်းနောင်တရသွားတယ် ၊

သူ့လှေကလေးနဲ့အတူ သူနစ်မြုပ်ခါနီးမှာ သူ့ခေါင်းထဲ အရင်ဆုံးသတိရလိုက်တာက

ပထမဆုံးထွက်လာခဲ့တဲ့ ရေချောင်းကျဉ်းကျဉ်းလေးကိုပဲတဲ့

ငါပေးလိုက်ချင်တဲ့လက်ဆောင်လေးက ဒါလေးပါသူငယ်ချင်း ၊ မင်းဘဝမှာ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲကြုံကြုံ

ဘယ်အရပ်ကိုပဲရောက်ရောက် နိမ့်နိမ့်မြင့်မြင့် ဘဝမမေ့စေချင်လို့ ဒီလက်ဆောင်လေးကို ပေးဖို့ ရည်ရွယ်မိတာပါ ၊

လူရယ်လို့ဖြစ်လာမှတော့ ပုံပြင်ထဲကလှေငယ်ရှင်လို စွန့်တာတော့ စွန့်စားရမှာပဲ ၊ ဒါပေမယ့် လှေငယ်ရှင်လိုတော့

သမုဒ္ဒရာထဲရောက်တဲ့အထိသွားပြီး ဘယ်တော့မှ လှေနစ်မခံပါနဲ့ ၊ ကိုယ့်လှေနဲ့ ရေလှိုင်း

မနိုင်တော့ဘူးထင်တာနဲ့ နောက်ကြောင်းသာ ပြန်လှော်ခဲ့ပါ ၊ သူငယ်ချင်းစပြီး ထွက်သွားတဲ့ ချောင်းငယ်ကလေးဟာ

ကျဉ်းကျဉ်းလေးပေမယ့် သူငယ်ချင်းကို ဘယ်တော့မှ အန္တရာယ်မပေးပါဘူး........။

No comments :